အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Wednesday, July 6, 2016

အိုးဋီကာ

 မိန်းမ ဆိုတဲ့အမျိုးက...
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောင်္ကျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။


သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။

အနယ်မနာ မီးမကျက်
ကွဲအက်လွယ်တဲ့အမျိုးကို
စပ်စလူးအိုးလို့ ခေါ်သကွဲ့
ဘယ်တော့မှ မဝယ်နဲ့နော် ။

မီးပေးနာထားလို့
ဧည့်သည်လာတိုင်း အရှက်ခွဲ
မျက်နှာမည်းတဲ့အိုးမျိုး
လျှော့ဈေးနဲ့ရောင်းတောင်
မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။

ရေဘယ်လောက် ဖျန်း ဖျန်း
မကျေမချမ်းနဲ့
အမြဲတမ်း ဆူဆူပူပူ
နှုတ်ခမ်းထူတဲ့အိုး များ
ဘယ်သူက အလကားပေး ပေး
ယူဖို့မတွေးလေနဲ့…သားရေ ။

အဖိုးနည်း ရင်
အိုးကွဲပဲ ရမတဲ့
အိုးရွေးမှန်မှလည်း
အကျိုးပေးသန်မှာပဲ မဟုတ်လား ။

အိုးကြီး အိုးသေး
တစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့
အိုးဈေးတန်းကတော့
သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။

အက်ကြောင်းတလျှောက်
မိတ်ကပ်နဲ့ဖျောက်ထားတဲ့
ပေါက်ပြီးသား အိုးတွေ……။

မလှိမ့်တစ်ပတ်နဲ့
စိမ့်တတ်တဲ့ အိုးတွေ……။

လည်သိမ် အောက်ကား
ဆောင့်ကြွားကြွား အိုးတွေ……။

ကနုတ်များများရေး
အရုပ်အသားပေး အိုးတွေ……။

ကန့်သတ်ချက် မရှိဘူး
နှံ့စပ်အောင် လျှောက်ကြည့်
ပတ်ပတ်လည် မြှောက်ကြည့်
လက်နဲ့ ခေါက်ကြည့်
"ဒေါက်"…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်
"ဒပ်"…လို့ ထွက်တဲ့အသံ
လက်မခံပါလေနဲ့
အက်သံပါနေသတဲ့ကွယ်
နားထဲမှာ ကြည်လင်
"ဒေါင်"…လို့ မြည်ရင်တော့
ပီပြင်တဲ့အိုး ရပဟေ့
အဖိုးအခ ဈေးများလည်း
အပြေးအလွှားဝယ်
တလေးတစားသာ သယ်ခဲ့တော့
အဲဒါ………
တို့ဘိုးဘေးတွေ လက်ထက်ကတည်းက
အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။

ဈေးဝယ်ဆိုမှတော့
ဈေးလယ်ထိတော့ ရောက်အောင်သွား
တန်းထားတဲ့အိုးတွေ ရှိတယ်
လမ်းသလားတဲ့အိုးတွေ ရှိတယ်
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်
မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်
အဖိုးသားနား အနည်းအများ
အမျိုးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြိုးစားဖို့က
အမျိုးသားတိုင်း သဘောပေါက်
ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့
အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ။ ။

*စဆနိုင်*

Saturday, January 9, 2016

သံသရာခရီးသည်

ငါ့ရဲ့ခရီးလမ်းက
ဘယ်ထိရှည်လဲ ငါမသိချင်ဘူး ..
ငါ့ရဲ့ အချိန်တွေ
ဘယ်လောက်ကျန်သေးလဲ ငါမသိချင်ဘူး ..
ငါ့ မျှော်လင့်ချက်တွေ
ဘယ်နေ့ပြည့်မလဲ ငါ မတွေးချင်ဘူး ..
ငါ့သောကတွေ
ဘယ်ချိန်ကင်းဝေးမလဲ ငါ မစဉ်းစားချင်ဘူး ...

ငါ လျှောက်နေတဲ့လမ်းမှာ
ငါ သွားနေတဲ့ခရီးမှာ
ငါ့ပန်းတိုင်မရောက်သေးသမျှ
တွေ့သမျှလူ ကူညီ
သူတို့လိုတာပေး
သူတို့အတွက် ရေတစ်စက်အဖြစ်
ငါရပ်တည်အုံးမှာပါ။

ငါ့လိုဒဏ်ရာတွေနဲ့ ...
ငါ့လို အနာတွေနဲ့ ..
ငါ့လို မျက်ရည်တွေနဲ့ ....
ငါ့လို လမ်းပျောက်မသွားအောင် ....
ငါ့လို စိတ်ဓာတ်မပြိုလဲအောင် ...
သွန်သင်ပေးအုံးမှာပါ။

အလဲလဲ အကွဲကွဲနဲ့
ငတ်တလှည့် ပြတ်တလှည့်
ငါသွားနေတဲ့ အချိန်မှာ
ကူညီမယ့်လူ ဖေးမမယ့်လူ
တစ်ယောက်မှ မရှိခဲ့ပေမယ့်
ငါ့ဆီလာရင်တော့
အကောင်းဆုံးလက်ဆောင်တွေ
ငါ ပြန်ပေးမှာပါ။

ဒီဘ၀ ဒီမျှနဲ့
ရှိသမျှ ၀ဋ်ကြွေးတွေ
ကျေပါစေတော့လို့
ငါ ပြုသမျှ ကုသိုလ်တိုင်းမှာ ဆုတောင်း
မှိန်ပျပျတောင် မမြင်ရသေးတဲ့
ပန်းတိုင်ဆီကို တရွေ့ရွေ့လှမ်းနေတဲ့ငါ

ငါဟာ ..

ခဏအလည်လာတဲ့ သံသရာခရီးသည်ပါ။

လွမ်းဆုလေး

Saturday, December 5, 2015

"အဝေးဆုံး"

* အနော်မာကမ်းမှာတော့
  ယသော်ဓရာ လွမ်းကျန်ခဲ့မယ်။
* ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့
  ကဏ္ဍက ဖွားဖက်တော်ရယ် . . ။
* ချစ်တာသိပေမယ့်
  'သစ္စာ' . . ရှိရာ ရှေ့လမ်းပေမို့
  မေ့စတမ်းကွယ် တာရှည်ကြည့်
  ပါရမီဖြည့် ကျန်ပါကွယ် . . .
  သံသရာနယ်က ရုန်းလို့အထွက် ။
* ကြာချည်လှပ် လွမ်းတုန်းမှာပဲ
  ယာယီဇာတ် တစ်ခန်းဆုံးပြီပေါ့
  ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့
  စည်းခြားကျန် မျှော်.. မျှော် .. ကာနဲ့
  ယသော်ဓရာ တစ်သက်လွမ်းစေမယ့်
  အနော်မာ တစ်ဖက်ကမ်းကို . . .
  (ကဏ္ဍကရယ် . . .)
  လှမ်းတော့ သွက် သွက် . . ။


မောင်စိန်ဝင်း

Sunday, July 12, 2015

အဖေ့ဘဝ


မွေးရပ်ဇာတိ   တောဌာနေ
တောင်ယာလယ်လုပ်   ရိုးရာဓလေ့မို့
ကောက်စိုက်ပျိုးနှုတ်   နေ၀င်မိုးချုပ်၊
သမိုင်းပေးတာဝန်    ကျေပွန်စွာ
စွမ်းစွမ်းတမံ   ဆောင်ရွက်ခဲ့တာ
အဖေ   ငယ်စဉ်ခါ။

အရွယ်ရောက်လို့ ကျောင်းစာသင်
တော်လို့မော်လို့ ပျော်မဆုံးပင်
မူလွန်ကျော်လို့ အလယ်တန်း
ခက်ခဲကြမ်းတမ်း အဖေ့ခရီးလမ်း။

သက်မွေးပညာကျောင်းဆရာ  ဖခင်ဖြစ်သူမှာ
ကွယ်လွန်ရှာတာ(၄၉)  သက်တမ်းရယ်ကမကုန်ဆုံး
ပူဆွေးသောကရောက်ရရှာ  မိခင်ဖြစ်သူပါ
သားသမီးတာဝန်ဆက်လို့ရုန်း  ဈေးတောင်းခေါင်းပေါ်တင်လို့မဆုံး။

ငွေကြေးဓန ဖွတ်မင်းကျတဲ့ ကျနော့ဘဝ
ပညာရေးက တောမှာမပြီးတော့ အခက်ပွေလီ
မောင်တစ်ထန်းရယ်မယ်တစ်ရွက် မဟုတ်ရသမို့  
မယ်တစ်ယောက်ထဲ ရွက်တယ်ထန်းတယ်
ပြောင်သထက်ပြောင် မေမေ့ဥသျှောင်  
ဈေးတောင်းတစ်လုံးက နှစ်လုံးဖြစ်ရပြီ
ကျွဲပုခုံးထ သူ့ရဲ့ဒဏ်ရာ
ပေးဆပ်ခဲ့တဲ့ ကျနော့်အတွက်ရယ်ပါ။

ရွှေမြို့တော်ရောက် ဆွေမျိုးတော်သူ
တူမကြီးရယ် ဒေါ်လေး ကူပေး  စားသောက်နေရေး  
သားမောင်လူလေး ပညာရေးမို့
အမတစ်ယောက်ထံ   မေမေ ကျနော့ကို လိုက်ပို့ပြီ
အချိန်နာရီ ရပ်ကာမနား လည်ပတ်သမို့  (၉) တန်းတစ်နှစ် ပြီးခဲ့ပြီ။

ပညာခရီးလမ်း ဖြောင့်ဖြူးသာယာမရှိခဲ့လို့
ကျောင်းပိတ်ရက်လေး ရွာကိုပြန်   
ဥစ္စာ စီးပွား မချမ်းသာသူ ဖေဖေလိုလူ
မေမေ့ဈေးတောင်း  ငါ့ဈေးတောင်းနှယ် 
မေမေ့ ထန်းပိုး  ငါ့ထန်းပိုးရယ်
အိမ်တိုင်ရာရောက်  လှည့်လည်ရောင်းလို့
ရွဲကုန်သည်ရဲ့  ရွဲကုန်သည်လာပြီဗျို့ မဟုတ်ပေမယ့်
ကုန်စုံသည်ရဲ့  ...ကုန်စုံသည်လာပြီဗျို့xx  အကိုအမတို့  ယူကြမယ်ဗျ.....,xxx
(ပစ္စည်းတွေက  လတ်ဆတ်ပါသနော်  ... ပစ္စည်းတွေက  လန်းဆန်းပါသနော်... )
ယူမယ်ဆို  ဆင်းခဲ့ပါ့လေး..... xxx   
အဲဒီလိုနဲ့  ကျောင်းပိတ်ရက်ရှည် ဈေးလည်ရောင်းလို့ 
မေမေ့အနား တောင်ဝှေးအလား
အဖေ့ဘ၀    ငယ်စဉ်က။

ဇော်ကြီး (စကားဝါမြေ)

Sunday, May 18, 2014

ရေ နဲ့ ငါး





အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။

အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။

မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။

သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။

အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။

မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။

နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။

မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။

ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )

Sunday, March 2, 2014

ဘာတွေ ဖြစ်ကုန်ကြပြီလဲ


(၁)

အော်…… ဒုက္ခ ဒုက္ခ...
သူတို့ကြီးစိုးတဲ့ခေတ်မှာ... အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ ၀တ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)

သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ

မင်းလူ(၁၉၈၉)

---------------------------------------
( ဒီကဗျာကြောင့် ဆရာမင်းလူ အဖမ်းခံရတယ်လို့ဆိုပါတယ် )

Sunday, November 3, 2013

ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ

သားရေ
သားလိုအရွယ်အဖေ့ငယ်ဘဝ
ချပြရရင် မယ်မယ်ရရ ဘာမှမရှိပါဘူးကွာ
ပတ်ဝန်းကျင်က အညတရ
မိဘတွေက ဆင်းရဲလှ
အဖေ့ကိုယ်၌က ထုံအအ
အဲဒီလိုနဲ့ လူ့ဘဝကို...
ပုပ္ပါးတောင်ခြေ ကျောက်ပန်းတောင်းဆိုတဲ့
နယ်မြို့လေးက စခဲ့ ။

ခေတ်စနစ်ဆိုးကြီးထဲလူဖြစ်ခဲ့ရတဲ့
ကလေးတစ်ယောက်ဘဝမှာ
အတွေးတွေက ဒွိဟ
ရည်မှန်းချက်က မှုံပြပြ
ပိုင်ဆိုင်တာက သုည
နေရတာက မပြည့်မစုံဘဝနဲ့ပေါ့။

" စားဝတ်နေ "အရေးသုံးပါးနဲ့
လုံးထွေးပြေးလွှားရုန်းကန်နေတဲ့အဖေ့မိဘ
သားကိုကျောင်းထားတာ
ဆရာဝန်ဖြစ်ဖို့
အင်ဂျင်နီယာဖြစ်ဖို့
အဲလို ရည်ရွယ်ချက်ကြီးကြီးမထား
အစဉ်အလာနဲ့ဝတ္တရား
မပျက်ပြားရအောင်ဆိုပြီထားခဲ့တာပါ ။

မှုံတေတေ အဖေ့ကျောင်းသားဘဝ
မပြည့်စုံမှုတွေက စခဲ့
ကျောက်သင်ပုန်း၊ ကျောက်တံ
ဗလာစာအုပ် နဲ့ ခဲတံ
ဘာသာရပ်လိုက်အစုံအစိ မရှိ
သင်္ချာကုန်တဲ့အခါ
မြန်မာစာမှာပေါင်းရေး
အင်္ဂလိပ်စာအုပ်နောက်ဖက်မှ လှမ်ရေးရင်း
စာအုပ်သစ်လေးရဖို့ စောင့်ခဲ့ရ
ယ္ခုသားမှာလို တပွေ့တပိုက်ကြီးမရှိတဲ့ဘဝပါ။

ညရောက်ပြီလားဆိုရင်
ရေနံဆီမီခွက်က အလင်းရောင်နဲ့
ပြူးပြဲနေအောင် မျက်လုံးဖြဲ
အသံဗြဲကြီးနဲ့ စာကျက်ခဲ့ရ
လျှပ်စစ်မီဆိုဝေလာဝေး
ဘတ္ထရီအိုးနဲ့မီသီးလေးတောင်မရှိ
ပြန်တွေးကြည့်ရင်
ရေနံဆီမီခွက်နဲ့ ဟောဒီအဖေ
လင်ကွန်းရဲ့ ငယ်ဘဝထက်တောင်သာလေမလား?
သိုသော်....သမ္မတလင်ကွန်းလောက်တော့
ဒီအဖေ မတော်၊ မထူးချွန်ခဲ့ပါ ။

ထုံပေပေ အဖေ့သဏ္ဌာန်
ဂုဏ်ရွှေငွေ မရှိမှန်လည်း
မာနနဲ့ဇွဲမှာ အတန်းထဲ ပထမစွဲခဲ့
သူဌေးသားတွေလိုမဝတ်နိုင်
သူတို့လို မစားနိုင်
ကျောင်းစာတော့ပြိုင်ခဲ့
အဆင့်ကိုကြည့် အတန်းထဲ တစ်နှစ်သုံးမှာရှိခဲ့ ။

မဆလခေတ်ပျက်
လမ်းစဉ်လူငယ်လဲဖြစ်ခဲ့
ဘောလုံးကန်၊ခြင်းခတ်၊စစ်တိုက်တမ်းဆော့
လှုပ်လှုပ်ရှားရှား အားကစား
ကာယအချိန်များမှာ ပျော်ခဲ့ ။

ကျောင်းနဲ့လမ်းစဉ်လူငယ်မှာ
နို့ဆီနဲ့သကြား၊ဘီစကစ်များပေးပလားဆို
အပြေးအလွားတန်းစီထုတ်
ခြေကုန်သုတ် အိမ်အပြန်
အကြိုက်နှံကာ စားခဲ့
ထိုစကားများ သားပြန်ကြားတော့
ထူးဆန်းထွေလာ အံဖွယ်ကမ္ဘာပေါ့။

အဖေ့အတွက်ကျောင်းဝတ်စုံ
အပြေးအလွှားကြည့်ပါမှ သုံးစုံတည်း
တထွန်နဲ့မာစရိုက် ကျောင်းဝတ်စုံ
အဖေ့အတွက်တော့သုံးမကုန်တဲ့ပဒေသာပင်
ဝတ်စရာတွေတစ်ပုံတစ်ပင် အပြည့်
သားပိုင်တဲ့ဗီဒိုကြီးတစ်လုံးနဲ့ယှဉ်ကြည့်တော့
မိုး နဲ့ မြေကြီး ။

ငယ်စဉ်အဖေ့ဘဝ
အကောင်းဆုံးအစားအစာ
ကြံသကာ နဲ့ ကပ်စေးနှဲ
တစ်နှစ်တစ်ခါမှမြင်ရတဲ့ "ရှားမီချိုချင်"
အဖိုးချိုပြန် ရေခဲချောင်းဆယ်ပြားတန်
ဓါးလှီးတဲ့ရေခဲချောင်းဆို အဖေ့တွက်မလို (မစားနိုင်လို့)
ထိပ်မှာပဲပါရေခဲချောင်း အဖေနဲ့လုံးဝမပေါင်း (ပိုက်ဆံမရှိလို့)
ခါးပိုက်ထောင်ထဲက ပဲကြီးလှော်
ထန်းလျက်နဲ့ တွဲစော်
အဖေ့အတွက် မဟာပွဲတော်
သားရဲ့လက်မှာ စားဖို့ အမြဲဆုပ်
နိုင်ငံခြားလုပ် မုန့်ပုံးနဲ့ချောကလက်
အဖေ့ငယ်ဘဝမှာ တပ်မက်ခဲ့ဘူးတယ် ။

တေဇ၊ရွှေသွေး၊မိုးသောက်ပန်းနဲ့စာစောင်တွေ
အဖေ့ဝယ်ကိုယ်ပိုင်မရှိ
ကိုယ်စီကိုသူမလာ
ကိုယ်ကသူ့စီသွားခဲ့တယ်(သူငယ်ချင်းထံမှငှါး)
ဦးပေါ်ဦးနဲ့သိခဲ့
စကားတောင်စားနဲ့ သိခဲ့
မင်းသုဝဏ်နဲ့ သိခဲ
အောင်ဆန်းနဲ့ သိခဲ့
သိုသော်.....အဖေနဲ့သိတဲ့သူ နည်းခဲ့
သိသင့်တဲ့လူတွေနဲ့ အလှမ်းဝေးခဲ့
သားကတောလူတွေအားလုံးနဲ့သိရမယ်။

ခေတ်ပညာမတတ်ရှာတဲ့ အဖေ့မိဘ
စာအုပ်စာပေနဲ့အလွန်ဝေး
သားရဲ့အဘ အဖေ့အဖေ
ဘာကြောင့်ခေတ်ပညာမတတ်
သားရဲ့အဘ ကိုးနှစ်သားသူ့အဖေဆုံး
သားလိုအရွယ် အဘမှာအဖေမရှိ
လေးတန်းနဲ့ကျောင်းထွက်
ရိုးအတဲ့မိခင်နဲ့သူ့ညီကို လုပ်ကိုင်ကျွေးခဲ့
ခေတ်ပညာမတတ် ဘုန်းကြီးစာတတ်တယ်
ဘာသာရေးစာတော်တော်ရောက်ခဲ့
ဟောဒီ့သားအဖေ ဘွဲရခဲ့
ပါဠိစာပေဘာမှမသိ ငါဆိုတဲ့ဘဝင်ပဲရှိ
လောကသဘော ပြီးပြည်စုံတယ်မရှိ
အေဘီစီ အစအဆုံးမသိတဲ့ အဖေ့အဖေ
နိုင်ငံခြားမှာနှစ်ကြာစွာနေပြီးငွေရှာဖူးတယ် ။

အဖေနဲ့ သားရဲ့အဘ အတူနေရတာနည်းခဲ့
အဖေ့အဖေဟာ မိသားစုဘဝပန်းတိုင်ရောက်ဖို့
သံလက်ကိုင်ပြီး ချီတက်ခဲ့
သူ့သားရဲ့ဘဝပုံပေါ်လှပဖို့
အဲဒီ့သံလက်နဲ့ ပန်းပုထုခဲ့
တစ်သက်စာစကားတစ်ခွန်းနဲ့ဆုံးမ
"လူပီသဖို့ ရိုးသားမှုရှိရမယ်"
အဲ့ဒီအချိန်က အဖေ နားမလည်ခဲ့
လူပီသတာ၊ ရိုးသားတာ ဘာမှမသိ
ယ္ခုသားကိုပြောပြမယ်
ရိုးသားဖို့ သီလရှိရ
သီလခိုင်မြဲဖို့ ယုံကြည်မှုရှိရ
သီလ၊ယုံကြည်မှုကို သတိနဲ့ထိန်းရ
ဒီသုံးချက်ပြည်စုံမှ ရိုးသားမှုဂုဏ်မြောက်
ဒီသုံးချက်က ဝါးသုံးချောင်းထိပ်ဆိုင်ထောင်
အောက်ခြေကားထာပုံနဲ့တူ
ဝါးတစ်လုံးလဲ ကျန်ဝါးတွေပါပြို
ပါးစပ်ကျယ်နိုင်သလောက် အလုပ်ခက်တယ် ။

မပြည်စုံမှုနဲ့ အဖေ့ငယ်ဘဝ
ရိုးသားမှုတွေ ချမ်းသာခဲ့
အဲ့ဒီချမ်းသာတဲ့ ရိုးသားမှုက အားလုံးကိုနိုင်ခဲ့
တွေ့ကြုံခဲ့အကျိုးတွေကို ဒါငါ့ဘဝလိုလက်ခံခဲ့
လောကသဘော
အမြဲ မဆိုး/မကောင်း ၊ မမှောင်/မလင်း
ဒါသူ့အဆင်းနိယာမ
သိပါမှ လူပီသစွာနေနိုင်တယ် ။

အဖေ့ငယ်ဘဝ သံလက်နဲ့ပုံထုခံခဲ့ရ
အခုသားဘဝ ဒီဖေပေးတဲ့လူပီသမှုနဲ့စပါ။

ငယ်ဘဝက ဇွဲ၊သတ္တိနဲ့ ရုန်းထခဲ့တဲ့ဒီအဖေ
သားကိုအမြင့်ရောက်အောင်ထမ်းတင်ဖို့
ဒူးတစ်ဖက်လှေကားလိုထောက်ထိုင်
ရင်ကိုမော့ ပခုံးကိုအသင့်ပြင်
သားတက်အလာလမ်းစောင့်
အားကို နိုင်အောင်စု
ခါးကို သန်အောင်ပြုမို့
အဖေ့ပခုံးပေါ်ခုတက်လိုက်ပါသားငယ်။ ။

ကျော်မိုး ( စကားဝါမြေ )

Wednesday, October 16, 2013

နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း

တို့ဘ၀ရဲ့ နေ့နဲ့ညတွေကို

ကောလာဟလတွေက ခွစီး

ကမ္ဘာကြီး ပျက်တော့မယောင်

ကောင်းတော့မယောင်နဲ့

ခေါင်းထောင်လာသမျှ နှိမ်နင်း

ရုန်းရင်းဆန်ခတ် ဖန်တီးနေကြတယ်။

နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း

သတင်းတွေအမျိုးမျိုးက

တီးတိုး တီးတိုး

အိပ်ရာက နိုးကြတယ်။

တယ်လီဖုန်းနဲ့ အင်တာနက်မှာ

သတင်းမှန်လိုက်ရှာနေလို့

နေ့သာကုန်

ဘယ်ပုံခရီးပေါက်မှာတုန်း။

ကောလာဟလ သတင်းပုပ်တွေနဲ့

ထမင်းလုပ်ပြီး မိုးချုပ်နေရတဲ့ဘဝ

စိတ်ချလုံခြုံပါ့မလားကွယ်။

မျက်စိမှားရင် စားမယ်ဆိုတဲ့

လောင်းကစားသမားတွေ အကွက်ဖန်တဲ့

မနက်ဖြန်ကို

တရွက်လှန် တရက်မော

ကိုကြက်တောရဲ့ ဘ၀ခရီး

ဒီလိုနဲ့ ပြီးတမ်းလား။

အဆံချောင်စကားလုံးတွေနဲ့

အချိန်ဖြုန်းနေတဲ့ လူစားတွေ

အကွက်တွေ ခဏခဏမှားလို့

လုံးပါးပါး ကုန်ရော့မယ်။

ပွဲလှန့်တဲ့

လောင်းကစားသမားကြောင့်

တို့မျက်စိမမှားစေနဲ့

သတိထားဖို့အရေး

တောင်ငေး မြောက်ငေး မငေးနဲ့။

ကိုယ့်လမ်းကိုယ် မှန်မှန်လျှောက်

ပြူတင်းပေါက် အမြဲဖွင့်

အဆင်သင့် နိုးကြားနေပါစေ။” …

(တင်မိုး)

Tuesday, October 15, 2013

ပြည်သူတွေကိုဒုက္ခပေးသူဘယ်သူလဲ

အာညောင်းအောင်ပြော
မောကြောဆိုက်အောင်ဝေဖန်
အန်ချင်လောက်အောင်အပြစ်တင်...
သတ်ပစ်ချင်လောက်အောင်ကြိမ်းမောင်း
မသာလောင်းလို့ပဲ ဆဲဆဲ
သရဲပြိတ္တာ မိစ္ဆာလို့ပဲနှိုင်းနှိုင်း
နားထိုင်းမျက်စိကန်းသလို
လှမ်းလဲမမြင် နားထဲလဲ မ၀င်
လူစင်စစ်က ဘီလူးဖြစ်
ညစ်ပေါင်းတရာ
ယုတ်မာမှုပေါင်းတသောင်းနဲ့
ပြည်သူအပေါင်းကို ဒုက္ခပေးနေသူ
ဘယ်သူပါလဲ..နာမည်မပြောပဲ
မနောက သိနေကြတယ်နော်…။

လူတိုင်းစိတ်ထဲ မပြောပဲသိနိုင်သူဆိုတော့
လူတောမှာ လူချောမလုပ်နိုင်ပဲ
အပါယ်ငရဲမှာ ခိုင်ခိုင်မာမာနဲ့
ကြာကြာမင်းလုပ် အုပ်ချုပ်မယ့်
အယုတ်တမာတွေရဲ့ဗိုလ်မင်း
အဖျင်းသကာ့အဖျင်းတွေရဲ့ဗိုလ်ချုပ်
အ၀ီစိငရဲတွင်းမှာ ပလုံစိငုံ့ပြီး
လူယုတ်မာကြီးသာ ဖြစ်ချေလိမ့်….။

တက္ကသိုလ်ဘုန်းကြွယ်(အောက်တိုဘာ ၁၄ ၁၃)
 
 

Monday, October 14, 2013

မှ...တစ်ပါး

မမြင် ဝေးပေမယ့်
ရင်ဆွေးအောင် တမ်းတ
(...မိငယ်ရေ...)
လွမ်းလှပေါ့ကွယ်...။

ချောင်(ဂျောင်)ကွယ်ပုန်းပေမယ့်
မြင်တုန်းလေ ဟိုအတိတ်
(...မိငယ်ရေ...)...
စိုးထိတ်လှတယ်...။

တိုးတိတ်,တ ပေမယ့်
ရှေ့ဘ၀ အကြောင်းကံ
ဝေးစေဖန် နယ်ခြားသမို့
(...မိငယ်ရေ...)
အားငယ်သားကွယ်...။

ကြားစေရည်မေတ္တာပါးပေမယ့်
သိပါ့မလား စိုးစိတ်ရည်
ရင်ကိုချည် ဖိထားသမို့
(...မိငယ်ရေ...)
လွမ်းအားပိုဖွယ်...။

သတိတရ များပေမယ့်
သိပါ့မလား စိုးထိတ်တွေး
ရှိပါ့မလား ကိုယ့်,အရေးငဲ့
ရင်လးဖွယ့် အချေရယ်မို့
(...မိငယ်ရေ...)
တိုးတိတ်ဆွေးတယ်...။

ကြား...ကြားစေကွယ်
စကားဆိုဖွယ် မရှိငြားမို့
(...မိငယ်ရေ...)
ထား...ထားသလိုကွယ်
.............. မှတစ်ပါး
အခြားမရှိတယ်...။

********************
ချစ်လွမ်းဝေ(ရွှေမျှောင်)

ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ

သားရေ
သားလိုအရွယ်အဖေ့ငယ်ဘဝ
ချပြရရင် မယ်မယ်ရရ ဘာမှမရှိပါဘူးကွာ
ပတ်ဝန်းကျင်က အညတရ
မိဘတွေက ဆင်းရဲလှ
အဖေ့ကိုယ်၌က ထုံအအ
အဲဒီလိုနဲ့ လူ့ဘဝကို...
ပုပ္ပါးတောင်ခြေ ကျောက်ပန်းတောင်းဆိုတဲ့
နယ်မြို့လေးက စခဲ့ ။

ခေတ်စနစ်ဆိုးကြီးထဲလူဖြစ်ခဲ့ရတဲ့
ကလေးတစ်ယောက်ဘဝမှာ
အတွေးတွေက ဒွိဟ
ရည်မှန်းချက်က မှုံပြပြ
ပိုင်ဆိုင်တာက သုည
နေရတာက မပြည့်မစုံဘဝနဲ့ပေါ့။

" စားဝတ်နေ "အရေးသုံးပါးနဲ့
လုံးထွေးပြေးလွှားရုန်းကန်နေတဲ့အဖေ့မိဘ
သားကိုကျောင်းထားတာ
ဆရာဝန်ဖြစ်ဖို့
အင်ဂျင်နီယာဖြစ်ဖို့
အဲလို ရည်ရွယ်ချက်ကြီးကြီးမထား
အစဉ်အလာနဲ့ဝတ္တရား
မပျက်ပြားရအောင်ဆိုပြီထားခဲ့တာပါ ။

မှုံတေတေ အဖေ့ကျောင်းသားဘဝ
မပြည့်စုံမှုတွေက စခဲ့
ကျောက်သင်ပုန်း၊ ကျောက်တံ
ဗလာစာအုပ် နဲ့ ခဲတံ
ဘာသာရပ်လိုက်အစုံအစိ မရှိ
သင်္ချာကုန်တဲ့အခါ
မြန်မာစာမှာပေါင်းရေး
အင်္ဂလိပ်စာအုပ်နောက်ဖက်မှ လှမ်ရေးရင်း
စာအုပ်သစ်လေးရဖို့ စောင့်ခဲ့ရ
ယ္ခုသားမှာလို တပွေ့တပိုက်ကြီးမရှိတဲ့ဘဝပါ။

ညရောက်ပြီလားဆိုရင်
ရေနံဆီမီခွက်က အလင်းရောင်နဲ့
ပြူးပြဲနေအောင် မျက်လုံးဖြဲ
အသံဗြဲကြီးနဲ့ စာကျက်ခဲ့ရ
လျှပ်စစ်မီဆိုဝေလာဝေး
ဘတ္ထရီအိုးနဲ့မီသီးလေးတောင်မရှိ
ပြန်တွေးကြည့်ရင်
ရေနံဆီမီခွက်နဲ့ ဟောဒီအဖေ
လင်ကွန်းရဲ့ ငယ်ဘဝထက်တောင်သာလေမလား?
သိုသော်....သမ္မတလင်ကွန်းလောက်တော့
ဒီအဖေ မတော်၊ မထူးချွန်ခဲ့ပါ ။

ထုံပေပေ အဖေ့သဏ္ဌာန်
ဂုဏ်ရွှေငွေ မရှိမှန်လည်း
မာနနဲ့ဇွဲမှာ အတန်းထဲ ပထမစွဲခဲ့
သူဌေးသားတွေလိုမဝတ်နိုင်
သူတို့လို မစားနိုင်
ကျောင်းစာတော့ပြိုင်ခဲ့
အဆင့်ကိုကြည့် အတန်းထဲ တစ်နှစ်သုံးမှာရှိခဲ့ ။

မဆလခေတ်ပျက်
လမ်းစဉ်လူငယ်လဲဖြစ်ခဲ့
ဘောလုံးကန်၊ခြင်းခတ်၊စစ်တိုက်တမ်းဆော့
လှုပ်လှုပ်ရှားရှား အားကစား
ကာယအချိန်များမှာ ပျော်ခဲ့ ။

ကျောင်းနဲ့လမ်းစဉ်လူငယ်မှာ
နို့ဆီနဲ့သကြား၊ဘီစကစ်များပေးပလားဆို
အပြေးအလွားတန်းစီထုတ်
ခြေကုန်သုတ် အိမ်အပြန်
အကြိုက်နှံကာ စားခဲ့
ထိုစကားများ သားပြန်ကြားတော့
ထူးဆန်းထွေလာ အံဖွယ်ကမ္ဘာပေါ့။

အဖေ့အတွက်ကျောင်းဝတ်စုံ
အပြေးအလွှားကြည့်ပါမှ သုံးစုံတည်း
တထွန်နဲ့မာစရိုက် ကျောင်းဝတ်စုံ
အဖေ့အတွက်တော့သုံးမကုန်တဲ့ပဒေသာပင်
ဝတ်စရာတွေတစ်ပုံတစ်ပင် အပြည့်
သားပိုင်တဲ့ဗီဒိုကြီးတစ်လုံးနဲ့ယှဉ်ကြည့်တော့
မိုး နဲ့ မြေကြီး ။

ငယ်စဉ်အဖေ့ဘဝ
အကောင်းဆုံးအစားအစာ
ကြံသကာ နဲ့ ကပ်စေးနှဲ
တစ်နှစ်တစ်ခါမှမြင်ရတဲ့ "ရှားမီချိုချင်"
အဖိုးချိုပြန် ရေခဲချောင်းဆယ်ပြားတန်
ဓါးလှီးတဲ့ရေခဲချောင်းဆို အဖေ့တွက်မလို (မစားနိုင်လို့)
ထိပ်မှာပဲပါရေခဲချောင်း အဖေနဲ့လုံးဝမပေါင်း (ပိုက်ဆံမရှိလို့)
ခါးပိုက်ထောင်ထဲက ပဲကြီးလှော်
ထန်းလျက်နဲ့ တွဲစော်
အဖေ့အတွက် မဟာပွဲတော်
သားရဲ့လက်မှာ စားဖို့ အမြဲဆုပ်
နိုင်ငံခြားလုပ် မုန့်ပုံးနဲ့ချောကလက်
အဖေ့ငယ်ဘဝမှာ တပ်မက်ခဲ့ဘူးတယ် ။

တေဇ၊ရွှေသွေး၊မိုးသောက်ပန်းနဲ့စာစောင်တွေ
အဖေ့ဝယ်ကိုယ်ပိုင်မရှိ
ကိုယ်စီကိုသူမလာ
ကိုယ်ကသူ့စီသွားခဲ့တယ်(သူငယ်ချင်းထံမှငှါး)
ဦးပေါ်ဦးနဲ့သိခဲ့
စကားတောင်စားနဲ့ သိခဲ့
မင်းသုဝဏ်နဲ့ သိခဲ
အောင်ဆန်းနဲ့ သိခဲ့
သိုသော်.....အဖေနဲ့သိတဲ့သူ နည်းခဲ့
သိသင့်တဲ့လူတွေနဲ့ အလှမ်းဝေးခဲ့
သားကတောလူတွေအားလုံးနဲ့သိရမယ်။

ခေတ်ပညာမတတ်ရှာတဲ့ အဖေ့မိဘ
စာအုပ်စာပေနဲ့အလွန်ဝေး
သားရဲ့အဘ အဖေ့အဖေ
ဘာကြောင့်ခေတ်ပညာမတတ်
သားရဲ့အဘ ကိုးနှစ်သားသူ့အဖေဆုံး
သားလိုအရွယ် အဘမှာအဖေမရှိ
လေးတန်းနဲ့ကျောင်းထွက်
ရိုးအတဲ့မိခင်နဲ့သူ့ညီကို လုပ်ကိုင်ကျွေးခဲ့
ခေတ်ပညာမတတ် ဘုန်းကြီးစာတတ်တယ်
ဘာသာရေးစာတော်တော်ရောက်ခဲ့
ဟောဒီ့သားအဖေ ဘွဲရခဲ့
ပါဠိစာပေဘာမှမသိ ငါဆိုတဲ့ဘဝင်ပဲရှိ
လောကသဘော ပြီးပြည်စုံတယ်မရှိ
အေဘီစီ အစအဆုံးမသိတဲ့ အဖေ့အဖေ
နိုင်ငံခြားမှာနှစ်ကြာစွာနေပြီးငွေရှာဖူးတယ် ။

အဖေနဲ့ သားရဲ့အဘ အတူနေရတာနည်းခဲ့
အဖေ့အဖေဟာ မိသားစုဘဝပန်းတိုင်ရောက်ဖို့
သံလက်ကိုင်ပြီး ချီတက်ခဲ့
သူ့သားရဲ့ဘဝပုံပေါ်လှပဖို့
အဲဒီ့သံလက်နဲ့ ပန်းပုထုခဲ့
တစ်သက်စာစကားတစ်ခွန်းနဲ့ဆုံးမ
"လူပီသဖို့ ရိုးသားမှုရှိရမယ်"
အဲ့ဒီအချိန်က အဖေ နားမလည်ခဲ့
လူပီသတာ၊ ရိုးသားတာ ဘာမှမသိ
ယ္ခုသားကိုပြောပြမယ်
ရိုးသားဖို့ သီလရှိရ
သီလခိုင်မြဲဖို့ ယုံကြည်မှုရှိရ
သီလ၊ယုံကြည်မှုကို သတိနဲ့ထိန်းရ
ဒီသုံးချက်ပြည်စုံမှ ရိုးသားမှုဂုဏ်မြောက်
ဒီသုံးချက်က ဝါးသုံးချောင်းထိပ်ဆိုင်ထောင်
အောက်ခြေကားထာပုံနဲ့တူ
ဝါးတစ်လုံးလဲ ကျန်ဝါးတွေပါပြို
ပါးစပ်ကျယ်နိုင်သလောက် အလုပ်ခက်တယ် ။

မပြည်စုံမှုနဲ့ အဖေ့ငယ်ဘဝ
ရိုးသားမှုတွေ ချမ်းသာခဲ့
အဲ့ဒီချမ်းသာတဲ့ ရိုးသားမှုက အားလုံးကိုနိုင်ခဲ့
တွေ့ကြုံခဲ့အကျိုးတွေကို ဒါငါ့ဘဝလိုလက်ခံခဲ့
လောကသဘော
အမြဲ မဆိုး/မကောင်း ၊ မမှောင်/မလင်း
ဒါသူ့အဆင်းနိယာမ
သိပါမှ လူပီသစွာနေနိုင်တယ် ။

အဖေ့ငယ်ဘဝ သံလက်နဲ့ပုံထုခံခဲ့ရ
အခုသားဘဝ ဒီဖေပေးတဲ့လူပီသမှုနဲ့စပါ။

ငယ်ဘဝက ဇွဲ၊သတ္တိနဲ့ ရုန်းထခဲ့တဲ့ဒီအဖေ
သားကိုအမြင့်ရောက်အောင်ထမ်းတင်ဖို့
ဒူးတစ်ဖက်လှေကားလိုထောက်ထိုင်
ရင်ကိုမော့ ပခုံးကိုအသင့်ပြင်
သားတက်အလာလမ်းစောင့်
အားကို နိုင်အောင်စု
ခါးကို သန်အောင်ပြုမို့
အဖေ့ပခုံးပေါ်ခုတက်လိုက်ပါသားငယ်။ ။

ကျော်မိုး ( စကားဝါမြေ )

ဗေဒါလမ်းကဗျာများ

မြစ်တန်းမှာတဲ့လေကြမ်းစဉ်
ထန်လိုက်လေ လေမုန်တိုင်း၊
လှိုင်းကဘောင်ဘင်
တစ် လှိုင်းထွက်တစ်လှိုင်းဝင်၊
ဗေဒါခင်ဖြစ်နဲ
စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့မိုးသက်ဆင်...
လျှပ်ကြိုးပျံမိုးသံထစ်၊မိုးစစ်ဘုရင်
မိုးညစ်လို့မြစ်မမြင်၊ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွနဲ့
မိုးသက်လေရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေ ရေရှုပ်ထွေး။ရွေးမှမဖြုံ
ဆန်လိုက်ပြန်တုံစုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲရဲခဲ့သည် ပါ။

(ဇော်ဂျီ)

Sunday, October 13, 2013

သူ့လမ်းစဉ်

ကမ်းစပ်ကိုမင်
လမုပင် အခြေကြီးနဲ့ အသီးတွေဖြိုး ။
ကမ်းစပ်ကို ဒီရေတိုး ၊ ပြိုလဲမှာစိုး ။
 
ကမ်းစပ်ကိုမင်
ဓနိပင် ယိုင်ငိုက်လို့ ၊ ခိုင်လိုက်ကယ်ဖြိုး ။
ဓနိခိုင် အလက်ထဲကခွဲရမှာစိုး ။
 
ကမ်းစပ်ကိုမင်
လတာပြင် ငါးပျံလူးလို့ ၊ ပျော်မြူးကြရိုး ။
ဒီတတ်လျှင် လတာနုန်း ၊ ဒီဖုံးမှာစိုး ။
 
စိုးပါဘု သူ့မူရာ
ချောင်းတစ်ခွင် ပင်လယ်ဝက ၊ ပန်းလှဗေဒါ ။
ဆန်တတ်ချိန်မှာ ဆန်လာနိုင်ပါဘိ ။
စုန်ဆင်းချိန်မှာ စုန်လာနိုင်ပါဘိ ။
သူ့လမ်းစဉ် သူမြင်ရဲ ၊ သူစွဲတတ်ဘိ ။
ဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဖင်း(၁၉၅၉ - ၁၉၆၀)

ပန်းခဲ့သည်ပဲ

နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့ ၊ နတ်ရေးသည်သို့။
ဒီ အကျပေမို့
အလှလတာပြင်က ၊ ကျူရိုးရှင် လှေကလေးနဲ့
မျှော်ငေးလိုလို့။

သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန် နဲ့
ဟိုငပျံလတာစွန်းမှာ၊ သူ့ ကျွမ်းသံချည့်။

 
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မ ခုနှစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့ လွမ်းသံချည့် ။
 
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတင်း ၊ မင်း ဆိုခဲ့စဉ်။
မင်းကိုယ်လည်း မင်းပင်လျှင်၊
ဘာထင်လို့လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။
ဇော်ဂျီ

ငွေတာရီ ၊ အမှတ် ၂၄၊ ဇွန် ၊ ၁၉၆၂ ။

ရဲခဲ့သည်ပါ့



မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းက ဘောင်ဘင် ။
တစ်လှိုင်းထွက် တစ်လှိုင်းဝင်
ဗေဒါခင် ဖြစ်နဲ ။
မုန်တိုင်းလေ ရေတစ်ရိုးမှာ
စိုးရွံ့မှာပဲ ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ မိုးသံထစ်
မိုးစစ်ဘုရင် ။
မိုးညစ်လို့ မြစ်မမြင်
ဗေဒါခင် ဖြစ်နဲ ။
မိုးသက်လေ ရေတစ်ရိုးမှာ
စိုးရွံ့မှာပဲ ။

စိုးမရွံ့ တွန့်မတုံ
မိုးနဲ့လေ ရေရှုပ်ထွေး
ရွေးမှ မဖြုံ ။
ဆန်လိုက်ပြန်တုံ စုန်လိုက်ပြန်ရ
ခေါက်ပေါင်း မရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ
ရဲခဲ့သည်ပါ့ ။
ဆရာဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇ - ၁၉၅၉)

ချောင်းကထွေထွေ


ချောင်းဝမှာပွေ ၊ တေချင်လို့လေလား
မတိုးသာ ဒိုက်သရော ၊ မျောဆို့နိုင်အား ။

ဒီတတ်ချိန်တန် ၊ ဆန်နိုင်ပါ့မလား
မဗေဒါ မယ့်ခရီးမှာ ၊ သူဆီးလို့တား ။

အိုအချင်း ကျူရိုးဖေ
မယ့်လမ်းမှာ ရာထောင်သောင်း ၊
ချောင်းကထွေထွေ ။
သည်ချောင်းက တားပါစေ
ဟိုချောင်းရေရှိသေး ။
ဆန်ချိန်တော် ရေကျော်ဆိုက်အောင်
မင်းလိုက်ခဲ့လေး ။
 ဆရာဇော်ဂျီ
ဆေးသိပ္ပံ နှစ်လည်စာစောင်
အတွဲ ၂ ၊အမှတ် ၅ ၊၁၉၆၁ - ၆၂ ။

တင်းရပုံပဲ


ဖူးတံက ညိုတိုတို ။
စုန်ရေ ဆန်ရေနဲ့
ဗေဒါဆွေ ရေအလှ ၊ ချောင်းမတစ်ခို ။
ရေငန်နှင့်ရေချို ၊ ဥဒဟိုမစဲ
နေ့မရှောင်ညမအား ၊ နားရရှာပဲ ။

နားချင်လို့ ခါတစ်ရံ ။
မဗေါ ရွာသူပန်းပေမို့ ၊ ကမ်းကပ်မယ်ကြံ ။
အစုန်မှာကပ်ရပြန် ၊ အဆန်မှာခွာရမြဲ
အဆန်မှာကပ်လျှင်လည်း ၊ စုန်ဆင်းတော့ခွဲ ။

ကပ်ပြန်ရ၀ပ်းမသာ ၊ ခွာပြန်ရ၀မ်းမနည်း
မဗေဒါ စုန်ဆန်ရင်း ၊ တင်းရပုံပဲ ။
ဆရာဇော်ဂျီ
 ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇ - ၁၉၅၉)

ပန်းပန်လျက်ပဲ


ညိုပြာပြာ လတာ့ပြင့်ခြေရင်း ။
လှိုင်းတက်ရဗေဒါတက် လှိုင်းသက်ရာဆင်း ။

ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနှင့်အလာ ၊ ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး ။

ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ။

ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအစွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါ တစ်ကောင်ထဲ(တည်း) ။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျက်ပဲ ။ 
ဆရာဇော်ဂျီ
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

တစ်လှည့်စီ စုန်ဆန်မြဲ


မနက်ခင်းဆီက ၊ စုန်ဆင်းခဲ့ မဗေဒါ
မွန်းတည့်ချိန် ညနေခင်း ၊
သင်းပြန်တတ်လာ ။
 
ညနေစောင်းလာတော့ ၊
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ် ။
စုန်ချိန်မှာ စုန်ရပြန်ပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာတိတ် ။
 
အိုအချင်းမဗေဒါ
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ ။
 ဆရာဇော်ဂျီ
ဖျာပုံစာပေလုပ်သား မဂ္ဂဇင်း ၊ ၁၉၈၁။

သစ္စာ

အမျိုးသားရေးအတွက် အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိညာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက်
သစ္စာဖောက်ဟု မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတစ်ဝက်မှ
ပေးဆပ်ရလည်း လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်

ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်